ဟုမ္မလင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူးသင်တန်း ဖွင့်လှစ်

ဟုမ္မလင်း  အောက်တိုဘာလ        ၂၄

စစ်ကိုင်းတိုင်ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းနှင့် မဲရုံသရုပ်ပြ သင်တန်းကို ယနေ့နံနက် ၉  နာရီတွင် ဟုမ္မလင်းမြို့ ပြည်သူ့စည်ပင်ခန်းမတွင် ဖွင့်လှစ်သည်။

အဆိုပါ သင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချရာတွင် ပုံစံများ၊ ပုံစံ(၁၆) စာရင်းပြုစုခြင်း၊ ထုတ်ပိုးခြင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်း၊ လက်မှတ်စစ်ဆေး ထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း၊ လုံခြုံရေး၊ ခိုင်လုံမဲ နမှုနာ ပုံစံများ ပယ်မဲနမှုနာပုံစံများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်စသည့် အချက်များအား စာတွေ့ လက်တွေ့ ပို့ချပေးသည်။

အဆိုပါလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ရာတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သင်တန်းသားများအား နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ ရေမလို လက်သန့်ဆေးရည်များ လုံလုံလောက်လောက် ထားရှိအသုံးပြုစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာအဝေး သတ်မှတ်နေထိုင်စေခြင်းများ ဆောင်ရွက်ပေးထားကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် မဲရုံ(၁၈၃)ရုံရှိပြီး မဲရုံမှူး၊ ဒုမဲရုံမှူး ဆရာ/ဆရာမ(၃၆၆)ဦးရှိရာ အဖွဲ့များခွဲ၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့ထိဖြစ်ပြီး နံနက်(၈)နာရီခွဲ ညနေ (၄)နာရီခွဲထိ (၂)ရက် ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမဲရုံမှူးသင်းတန်းကို ဟုမ္မလင်းမြို့နယ် စည်ပင်ခန်းမနှင့် ချင်းတွင်းမြင့်ဓမ္မာရုံ တို့တွင်နေရာခွဲပြီး ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ချန်လော(ဟုမ္မလင်း)