သထုံမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

သထုံ နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက်က အမှတ်(၃) အခြခံပညာအထက်တန်းကျောင်း၊ ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်အေးမြအောင်က အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ဝင်စားဖွယ် ဘေးအန္တရာယ်ဆိုင်ရာ( Izal Kaeru Caravan) ဂိမ်းကစားနည်း (၉) မျိုးအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မီးဘေးအန္တရာယ်ဆိုင်ရာ ကစားနည်းများဖြစ်သည့် သတ်မှတ်ထားသောပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ရသည့်ကစားနည်း၊ မီး/လောင်စာနှင့် မီးငြှိမ်းသတ်ရေးကတ်ပြားများကို အသုံးပြုသည့် ကစားသည့်နည်း၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ကစားနည်း၊ အိမ်ရှိပစ္စည်းများနှင့် ရှေးဦးပြုစုကစားနည်း၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်အင်္ကျီပြုလုပ်သည့်ကစားနည်း၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ယူဆောင်သွားရမည့် ပစ္စည်းများကို စဉ်းစားတတ်စေမည့်ကစားနည်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကတ်အသုံးပြု၍ဉာဏ်စမ်းကစားနည်း၊ ကလေးများလွယ်ကူစွာ နားလည်နိုင်သောရုပ်ပုံများကို အဆင့်လိုက်ဆက်သောကစားနည်း၊ ကြိုးကလေးပုံပြင်စသည့် ကစားနည်းများကို တစ်ပျော်တစ်ပါးပါဝင်ကစားကြပြီး မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အဆင့်မြင့်မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေးအခမ်းအနားသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေး ဦးသန့်ဇော်မျိုး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးဆောင်သည့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝါလှိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)