ရှမ်းရွာသစ် နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ဆိတ်များကိုလည်း တိုးချဲ့မွေးမြူလာကြောင်း သိရသည်။
ဆိတ်မများသည် ၁၃လမှ ၁၅လအတွင်း အရွယ်ရောက်ကြပြီး ပထမဆုံးဆိတ်ကလေးများမွေးမြူ ရာတွင် တစ်ကောင်(သို့မဟုတ်) အမြွှာမွေးတတ်ကြပြီး သုံးကောင်မွေးမှုမှာ နည်းပါးပါသည်။ ဆိတ်မများသား မွေးပြီးနောက် တစ်ကြိမ်သားပေါက်ရန် သားခြားကာလမှာခုနှစ်လမှ ရှစ်လအထိ ကြာမြင့်တတ်ကြောင်း၊ ဆိတ်မများတွင် ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးလနှင့် ဆိတ်ကလေး မွေးပြီးတစ်လအထိ အားနည်း တတ်၍ ယင်းကာလများတွင် ဆိတ်များအား အစာကျွေးမွေးရာတွင် လည်းကောင်း၊ လွှတ်ကျောင်းရာတွင်လည်းကောင်း၊ ဂရုတစိုက် ကျွေးမွေးပြုစုစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ယခင်နှစ်များတွင် ဆိတ်များ ရောင်းဝယ်ရာတွင် ဈေးနည်းသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိမှုနှင့် ဒေသနေပြည်သူများ ဝယ်လိုမှုများပြားသောကြောင့် ဒေသနေပြည်သူ အများစုသည် ဆိတ်များ ပိုမိုတိုးချဲ့မွေးမြူလာကြောင်း တစ်ပိုင်တစ်နိုင် ဆိတ်များ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်မွေးမြူရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက် လိုအပ်သော သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန် အတွက်လည်း တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)