ငွေဆောင်မြို့၊ အမှတ် (၂၀၁) အခြေခံပညာမူလတန်း ကျောင်း၏ ကျောင်းကထိန်ပွဲ စည်ကားသိုက်မြှိက်စွာ ကျင်းပ

ငွေဆောင် နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငွေဆောင်မြို့၊အမှတ်( ၂၀၁) အခြေခံပညာမူလတန်းကျောင်း တွင်ကျောင်းဆရာ၊ဆရာမများ၊ကျောင်းသား/သူများ၊ကျောင်းသားမိဘများနှင့်ကျောင်းကော်မတီဝင်များပူပေါင်း၍ကျောင်းကထိန်ပွဲတော်အားယမန်နေ့နံနက်ပိုင်းကစည်ကားသိုက်မြှိက်စွာကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာနံနက် (၇း၀၀) နာရီအချိန်တွင် စာသင်ကျောင်းမှစတင်ထွက်ခွာ၍ မြို့ပတ်ကာအတီးအမှုတ်၊ အကအခုန်များဖြင့် ပဒေသာပင်လှည့်လည်ခဲ့ကြပြီး အမှတ်(၂)ရပ်ကွက်၊ မရမ်းကုန်း၊ သီလရက္ခိတဘုန်းတော်ကြီးကျောင်းသို့ ပဒေသာပင်များပို့ဆောင်ကြသည်။ သီလရက္ခိတကျောင်းတိုက်တော်သို့အရောက်တွင် စာသင်ကျောင်းအဖွဲ့မှဆင်အက၊ တိုးနယားအကများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး ဘုန်းတော်ကြီးကျောင်းမှ မုန့်ဟင်းခါး (အရေကြည်) ဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

ထို့နောက် ကထိန်ပဒေသာပင်နှင့် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အစီအစဥ်စတင်ခဲ့ပြီး သီလရက္ခိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အပါအဝင် ပင့်ဖိတ်ထားသော ဆရာတော်များထံမှ တရားတော်နာယူခဲ့ကြသည်။

ဆရာတော်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ တရားဒေသနာတော်စတင်ဖွင့်လှစ်ခဲ့ပြီး မေတ္တသုတ်တရားတော်နှင့်ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရားတော်များဟောကြားခဲ့သည်။တရားနာအ​ပြီးတွင် ကျောင်းအုပ်ဆရာကြီး ဦးပိုင်ဖြိုးအောင်နှင့် အလှူရှင်များမှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အလှူဒါနကိုရေစက်သွန်းချ အမျှပေးဝေကာဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးစီးခဲ့ကြောင်းသိရသည်။ ထို့နောက်ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးများ ဆွမ်းဘုဥ်းအပြီးတွင်ကထိန်ပွဲလာဧည့်ပရိတ်သတ်များအားဘုန်းတော်ကြီးကျောင်းမှ ထမင်းကျွေးမွေးဧည့်ခံခဲ့ပြီးအမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ကျောင်းကထိန်ပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

R – 014 (ငွေဆောင်)