ဘိုကလေး နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နှစ်စဉ်အစဉ်အလာမပြတ် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လေ့ရှိရာ ယခုနှစ် (၃၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားပွဲတော် ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၅)နာရီ အချိန်တွင် ဘိုကလေးမြို့၊ နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်ကြီးအတွင်းတွင် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားများအား မြို့နယ်ဩဝါဒစရိယ ဆရာတော်ကြီးများမှ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ကြပြီး မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
အနေကဇာတင်ပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ ဘုရားပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အကျိုးတော်ဆောင် ဥပသကာများ တက်ရောက်ကြပြီး အနေကဇာတင်ပူဇော်ကြသည့် ဆရာတော်ကြီးများအား နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နံနက်(၇)နာရီ အချိန်တွင် ဘုရားပွဲတော်ကျင်းပရေး ဗဟိုစုရပ်ဖြစ်သော မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရားကြီး မုခ်ဦးဝတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ ဘုရားပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အကျိုးတော်ဆောင် ဥပသကာများမှ (၃၇) ကြိမ်မြောက်သော ဘိုကလေးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်ဘုရားပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်အပြီး၌ ဘုရားပွဲကျင်းပရေးဗဟိုအဖွဲ့၊ ဘိုကလေးမြို့ပေါ် ရပ်ကွက်(၁၀)ခု၊ ကွင်းဝိုင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာ၊ ကုလားကြီးချောင်းကျေးရွာ ၊ စုစုပေါင်း အဖွဲ့(၁၄)ဖွဲ့မှ တစ်ဖွဲ့လျှင် (၂)ဆူနှုန်းဖြင့် နှစ်ကျိပ်ရှစ်ဆူ မြတ်ဘုရားများအား အသီးသီး ပင့်ဆောင်၍ မင်္ဂလာစည်တော်နှင့်အတူ မြို့တွင်းသို့ အပူဇော်ခံလှည့်လည်ကြသည်။
နံနက်ပိုင်းလှည့်လည်ပူဇော်ခံ အပြီးတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ၎င်းတို့၏ ယာယီစံကျောင်းတော်များသို့ မြတ်ဘုရားများအား ပြန်လည့်ပင်ဆောင်ခဲ့ကြကြောင်းနှင့် တန်ဆောင်မုန်းလဆန်း(၁၃)ရက်မှ လပြည့်ကျော်(၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ညနေ (၅) နာရီမှစတင်၍ မြို့နယ်တွင်းသို့ ဒေသစာရီ အပူဇော်ခံ၊ အကြည်ညိုခံ လှည့်လည်ကြမည်ဖြစ်ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)