ထန်းတပင်မြို့နယ်၌ ရပ်ရွာအခြေပြုအမျိုးသမီးဝတ်(အဆင့်မြင့်)အပ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ထန်းတပင်(ပဲခူး)နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ပူးပေါင်း၍ ရပ်ရွာအခြေပြုအမျိုးသမီးဝတ်(အဆင့်​​မြင့်)အပ်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်ဌေးဌေးမြင့်မှ သင်တန်းတွင် အကောင်းဆုံးဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အပ်ချုပ်သင်တန်းတွင် ချုပ်ထည်များအား လက်ရာသေသပ်လှပစွာဖြင့် အပ်ချုပ်နိုင်သည့် အကောင်းဆုံးဆုရရှိသောသင်တန်းသူမပြည့်ပြည့်ဖြိုးအား အပ်ချုပ်စက်အစုံအသစ်တစ်လုံးကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ယင်းသင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ပြီး နည်းပြများက ခေါင်းစွပ်အပွအင်္ကျီ၊ ရင်စေ့ရှေ့ကွဲအင်္ကျီ၊ နောက်ကွဲဇစ်လက်ဖောင်းအင်္ကျီ၊ ရင်ဖုံးအင်္ကျီနှင့် ဘီစကပ်အမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားပြသခဲ့ပြီးသင်တန်းကာလမှာနိုဝင်ဘာ(၁)ရက်နေ့မှ (၂၄)ရက်နေ့အထိကြာမြင့်ခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)