ပခုက္ကူတက္ကသိုလ်၌ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြား

ပခုက္ကူ နိုဝင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဌာန အသီးသီးအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဆက်လက်တက်ရောက်လျက်ရှိကြသည်။

အဆိုပါ တက္ကသိုလ်ပညာရပ်များ စနစ်တကျဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဌာနဆိုင်ရာပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှစတင်ကာ လိုအပ်သည့် ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်။ ထိုသို့ဖွင့်လှစ်သင်ကြားရာ ပခုက္ကူတက္ကသိုလ်ရှိ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဌာန (၁၆)ခုတွင် ပထမနှစ်မှ မဟာဝိဇ္ဇာ(ဒုတိယနှစ်)အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၉၃)ဦး စိတ်အေးချမ်းသာစွာ တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)