အိမ်မဲ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် (၃၄) ကြိမ်မြောက် စုပေါင်းပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုတက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက်အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက သာသနာရေး ဆိုင်ရာများကိုလျှောက်ထားခဲ့သည်။
ဆက်လက်ပြီးနိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသောဌာနဆိုင်ရာအကြီးအကဲ များကကြွရောက်လာသောဆရာတော်သံဃာတော်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ပဓာန နာယကဆရာတော်က ငွေပဒေသာပင်နှင့်ဆွမ်းဆက်ကပ်မှုအစုစုတို့အတွက် သာဓုအနုမေဒနာတရား ချီးမြှင့်ပေးပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။
ယမန်နှစ် (၃၃) ကြိမ်မြောက်စုပေါင်းဘုံကထိန်နှင့်ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲ တွင်ကျောင်း တိုက်ပေါင်း (၅၉) ကျောင်းကို ပဒေသာပင် (၅၉) ပင် ပစ္စည်းတန်ဖိုး (၇၁၀၉၀၀၀) ကျပ်၊ ငွေသားတန်ဖိုး (၁၉၇၇၆၀၅၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၇၅၀၀၀၅၀)ကျပ်ကိုဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ယခုနှစ်(၃၄) ကြိမ်မြောက် စုပေါင်းပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲတွင် ကျောင်းတိုက်ပေါင်း (၅၉) ကျောင်းကို ပဒေသာပင် (၅၉)ပင် ပစ္စည်းတန်ဖိုး (၉၃၉၇၁၅၀ )ကျပ်၊ငွေသားတန်ဖိုး (၂၈၂၉၃၆၀၀ ) ကျပ်၊ စုစုပေါင်းတန်ဖိုး ငွေ (၃၇၆၉၀၇၅၀ ) ကျပ်ကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲပြန်/ဆက်)