မင်းလှ(အောက်) အောက်တိုဘာ ၂၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးသင်တန်းကို အ.လ.က မင်းလှ (လမ်းမတော်)ကျောင်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့၌ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
မင်းလှမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ(၆၆)အုပ်စုတွင် မဲရုံပေါင်း (၁၁၇)ရုံဖွင့်လှစ်မည်ဖြစ်ရာ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမ(၂၃၄) ဦးကိုသင်တန်းနည်းပြ (၈)ဦးတို့က ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် သင်ရိုး(၁)မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ မဲရုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာ သတိပြုရန်အချက်များ၊ သင်ရိုး(၂) မဲရုံတည်နေရာနှင့် မဲရုံအခင်းအ ကျင်းကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သောစာရွက်စာတမ်းနှင့် ပစ္စည်းများစာရင်း၊ သင်ရိုး(၃) လိုအပ်သည့် ပုံစံများ၊ စစ်ဆေးရမည့်အချက်အလက်များ၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ သင်ရိုး(၄) မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ သင်ရိုး(၅) မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ် ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ သင်ရိုး(၆) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ် များတို့ကို တစ်ရက်တည်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)