မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

မကွေး နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှ ပေးထားသည့် အခွင့်အလမ်း (Incentive) များကို လုပ်ငန်းရှင်များ သိရှိပြီး လုပ်ငန်းများဆောင်ရွက်ကြခြင်းအားဖြင့် ဥပဒေက ခွင့်ပြုသည့် အခွင့်အလမ်းများကို အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအနေဖြင့် ဒေသအတွင်းရှိ အလားအလာရှိသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ငန်းသစ်များကို ဆောင်ရွက်လာစေရန် ဥပဒေက ခွင့်ပြုသည့် အခွင့်အလမ်းများကို ရယူနိုင်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာရှိသည့် လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် ကုန်ထုတ်စွမ်းအားများ တိုးတက်ရန်၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရန်နှင့် နိုင်ငံ၏ GDP တိုးတက်စေရန်အတွက် ကော်မတီ၏ လုပ်ငန်းတာဝန် ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူ ချောမွေ့စေရေးအတွက် အထောက်အကူပြုခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မိမိတို့ဒေသ၏အားသာချက်များဖြစ်သည့် သဘာဝအရင်းအမြစ် တည်ရှိမှုအခြေအနေ၊ လုပ်သားအင်အားရရှိနိုင်မှုအခြေအနေ၊ တည်နေရာအကွက် အကွင်းကောင်းရှိမှု အခြေအနေတို့အပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား ဆွဲဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသာယာဝပြောစေရန် လူတစ်ဦးချင်းစီ၏ အောင်မြင်တိုးတက်မှု၊ လုပ်ငန်းတစ်ခုချင်းစီ၏ အောင်မြင်တိုးတက်မှုမှ အစပြုရမည်ဖြစ်ပါကြောင်း၊  နိုင်ငံသားတစ်ဦးချင်းအနေဖြင့် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးပြီး ဥပဒေကို လေးစားလိုက်နာတတ်သော နိုင်ငံသားကောင်းများဖြစ်စေရန် ကြိုးပမ်းအားထုတ်ခြင်းနှင့် တာဝန်သိသော၊ တာဝန်ယူတတ်သော လုပ်ငန်းကောင်းများ ပေါ်ထွန်းလာစေရေးကို သက်ဆိုင်ရာဌာနများမှ တိုင်းပြည်အကျိုးလိုလားစိတ်ဖြင့် အားတက်သရော ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်း ၁ ခုအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခု က ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်လိုခြင်းအပေါ် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်) ၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

မောင်ညီညာ