မုံရွာ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး၊ ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သက်တော် (၁၁၂) နှစ်ပြည့် မွေးနေ့ပူဇာ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော (၅၆) ကြိမ်မြောက် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်သံဃာဆု နှင်းသဘင် ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်သြဝါဒါစရိယ သီရီဇေကျောင်း၊ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှစ်ပါးသီလ ခံယုဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူငွေကျပ် ၃၈ သိန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ၊ မင်းကွန်းတောင်ရိုး၊ နဂါးပတ်တောင် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
ဆက်လက်ပြီး (၅၆) ကြိမ်မြောက် ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲတွင် အခြေပြုမူလတန်းအောင်နှင့် သာမဏေကျော်ပထမအဆင့် စာအောင်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာအောင်လက်မှတ်များနှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းပြီး “ဗုဒ္ဓသာသနံစိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)