ကျိုက်လတ်၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကျင်းပနိုင်ရေးအတွက် ယာယီကျောင်းဆောင်များအတွင်း မြတ်စွာဘုရားများအား ကြည်ညိုပင့်ဆောင်

ကျိုက်လတ် နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဘုရားဆင်းတုတော်များကို ရပ်ကွက်များရှိ ယာယီကျောင်းဆောင်များတွင် ယမန်နေ့နံနက် (၇) နာရီခွဲက စတင်ပင့်ဆောင်ပူဇော်ထားရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရန် နှစ်ဆယ့်ရှစ်ဆူသော ဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်တော်မူရာ ကျိုက်လတ်မြို၊ အမှတ် (၃) ရပ်ကွက်ရှိ စန္ဒာမုနိမြတ်စွာဘုရားကြီးအတွင်း၌ တန်ဆောင်မုန်း လဆန်း (၁၁) ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာရှိ ယာယီကျောင်းဆောင်များအတွင်း ပင့်ဆောင်၍ ပူဇော်ပွဲကျင်းပရာပန်း၊ ရေချမ်းဆီမီးများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တော်များရွတ်ဖတ်ပူဇော်ခြင်းဖြင့် ဘုရားပွဲတော်ကို ကျင်းပလျက်ရှိသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို (၅) ရက်ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း လှည့်လည်ပူဇော်ခံသည့် ဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)