ထားဝယ် နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူး၍ ရပ်ကွက်ပေါင်းစုံ ပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် (၁၁၁)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ပူဇော်ခံထားရှိသည့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ယနေ့ ညနေပိုင်းတွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်းကာလျက်ရှိကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို နှစ်စဉ် ကျင်းပလာခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၀ ခုနှစ်မှ စ၍ (၂၀၂၂)ခုနှစ် အထိ (၃)နှစ် ရပ်နားထားခဲ့ရပြီး ယခု (၂၀၂၃) ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကာ ထားဝယ်ရိုးရာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲသည် ဒေသတွင်း အထင်ရှားဆုံး ပွဲတော်တစ်ခုဖြစ်၍ ထားဝယ်ဒေသခံများ နှစ်စဉ် ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။
နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များအား ရွှေတောင်စားစေတီဘုရားကြီးဝင်းအတွင်း ယာယီဂန္ဓကုဋီ အဆောင်တော်၌ ကိန်းဝပ်စံပ္ပာယ်ထားရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ စည်းကာလျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များက ဘုရားကြီးဂေါပကအလှူခံမဏ္ဍပ်သို့ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။
ဘုရားကြီးဝင်းအတွင်း၌ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ ( ၂၃ -၁၁-၂၀၂၃) ရက်နေ့မှ (၂၇-၁၁-၂၀၂၃)ရက်နေ့အထိ တန်ဆောင်တိုင် ကာလတွင် ရဟန်းရှင်လူပြည်သူများ နှစ်ကျိပ်ရှစ်ဆူမြတ်စွာ ဘုရားရုပ်ပွားတော်များကို ပူဇော်ကန်တော့ရန် ယာယီစံကျောင်းတော်ဖြင့် ထားရှိ ပေးထားမှာဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များ ဒေသစာရီ လှည့်လည် ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစပြီးကျင်းပလာခဲ့ရာယခုနှစ်ဆိုလျှင် နှစ်ပေါင်း( ၁၁၁ )နှစ်တိုင်တိုင် ကျင်းပလာခြင်းဖြစ်ပြီး တန်ဆောင်းမုန်းလဆန်း (၁၄)ရက် (၂၆-၁၁-၂၀၂၃) ရက်နေ့တွင် နံနက် (၆) နာရီမှ စတင်၍ (၁၁၁) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ လှည့်လည် ပူဇော်ပွဲကြီးကို ဘုရားကြီးဝင်းအတွင်းမှ ထားဝယ်မြို့အတွင်းသို့ ဒေသစာရီ ကြွချီလှည့်လည်ပူဇော်ခံမည်ဖြစ်သည်။
ထို့သို့ ဘုရားလှည့်လည်ပူဇော်ခံရာ မြို့တွင်းရှိလမ်းတစ်လျှောက်တွင် ပါဝင်ကုသိုလ်ယူကြမည့် ဒေသခံ ပြည်သူလူထုနှင့် ဥပါသကာများအား ရှေးအစဉ်အလာအတိုင်း မည်သူမဆို ဧည့်ခံကျွေးမွေးလှူဒါန်းနိုင်ကြောင်း သိရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)