ပန်းတောင်း နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စုရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန္တိသုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များက အထွက်တော်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဥူးပဏ္ဍိစ္စထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရစ္ဇုာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရိုသေစွာနာယူကြည်ညိုခဲ့ကြပြီးရွှေဘုံသာမုနိစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးခဲ့သည်။
ထို့နောက် အထွက်တော်သို့ တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား သန္တိသုခဓမ္မာရုံကြီးမှ ပင့်ဆောင်ကာ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးကြိမ်ပူဇော်ပြီး စေတီတော်သို့ တင်လှူပူဇော်ခဲ့ပြီး မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။
လပြည့်လင်း (ပြန်/ဆက်)