စစ်ကိုင်း အောက်တိုဘာ ၂၄
စစ်ကိုင်းခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်စမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပမည့်ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့် အတွက် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်မတူဘဲ ကျန်းမာရေးကိစ္စများ အလုပ်ပိုမိုများပြားလာကာ အထူးကြပ်မတ်ရန် လိုအပ်ကြောင်း မဲရုံလုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးကိစ္စ၊ မီးရရှိရေးနှင့် မီးဘေးကာကွယ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန်၊ အထက်အဖွဲ့ အစည်းအဆင့်ဆင့်မှ လမ်းညွှန်မှာကြားချက်တို့အား လိုက်နာ ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာစီမံဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးမှူးက ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို လည်းကောင်း၊ ခရိုင်အတွင်း စစ်ကိုင်း၊ မြင်းမူနှင့်မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌများက မိမိတို့ မြို့နယ်အတွင်း ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက လုပ်ငန်း၏ အားသာချက်အားနည်း ချက်များကို ရှင်းလင်းပြော ကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပေါင်းစပ်ဖြည့်ဆည်းပေး ခဲ့ကြောင်း သိရသည်။
မျိုးဝင်း(စစ်ကိုင်း)