ကျောင်းကုန်းမြို့၌ အ.ထ.က(၁)မိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲ ဆင်နွှဲ

ကျောင်းကုန်း နိုဝင်ဘာ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကို မိုဃ်းကောင်းပရိယတ္တိ စာသင်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နှစ်စဉ်အစဉ်အလာမပျက် ဆင်နွှဲလာခဲ့ရာယခု ၂၀၂၃ ခုနှစ်တွင် (၂၄)ကြိမ်မြောက်သို့ ရောက်ရှိလို့လာခဲ့ပြီဖြစ်သည်။ K G မှGrade12 ထိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုပေါင်းလှူဒါန်းငွေမှာ ငွေသား(၇၃)သိန်းကျော်နှင့် ပစ္စည်းတန်ဖိုး(၄)သိန်း စုစုပေါင်းငွေကျပ်(၇၇) သိန်းကျော်အား လှူဒါန်းသွားမည်သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ သောဘိတထံမှငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွားခဲ့ပြီး၊ ကထိန်လျာ"ဉာတ်"သင်္ကန်း အား ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းကဆက်ကပ်လှူဒါန်းခဲ့သည်။     

ထို့နောက် ရေစက်ချအနုမောဒနာတရား နာကြားကာလှူ ဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)