ဖြူးမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စု​ပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ဖြူး နိုဝင်ဘာ ၂၃

ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်​ ဖြူးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မြို့ထောင့်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်​ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်သည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ ဘဒ္ဒန္တပညာသာရထံမှ သီလတရားတော်မြတ်ကိုနာယူ၍ ကထိန်တရားတော်မြတ်ကိုနာကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊  ဖိတ်ကြားထားသော ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များထံသို့ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်/ သံဃာ​တော်များအား​နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် နဝကမ္မဝတ္တုငွေ (၈၉၈၉၀၀၀) ကျပ်၊ ပစ္စည်းတန်ဖိုး (၂၉၅၄၈၀၀)ကျပ်၊ စုစုပေါင်း(၁၁၉၄၃၈၀၀)ကျပ် လှူဒါန်းနိုင်ခဲ့ကြောင်း မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)