တမူးမြို့၊ နယ်စပ်စစ်ဆေးရေးဂိတ်မှ နေရပ်ပြန် ပြည်သူ(၁၄) ဦး ဝင်ရောက်

တမူး၊ အောက်တိုဘာ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အပြည်ပြည်ဆိုင်ရာဝင်ပေါက်ဖြစ်သည့် အမှတ်(၁) စစ်ဆေးရေးဂိတ်မှ ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က အိန္ဒိယနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက်ရာမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ (၁၄)ဦး ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ တမူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးအောင်မျိုး၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူရနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများက နယ်စပ်စစ်ဆေးရေး ဂိတ်တွင် လဝကလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခြင်း၊ ကိုယ်ရေးရာဇဝင်များ မှတ်တမ်းယူခြင်း၊ကိုယ်အပူချိန်တိုင်း တာစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း(Mask)များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တမူးမြို့၊ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင် ကန့်သတ် စောင့်ကြည့်ရန် ပို့ဆောင်ခဲ့ပြီး ၎င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ပတ် နမူနာများအား ရယူ၍ မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများမှာ ဆေးကုသမှုခံယူရန်သွားရောက်သူများ၊ ဘာသာရေး သင်တန်း တက်ရောက်ရန်သွားရောက်သူများ၊ စျေးရောင်းရန်သွားရောက်သူများ၊ အလုပ် လုပ်ကိုင်ရန် သွားရောက်သူများဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၇)ဦး၊ ရှမ်းပြည်နယ်မှ(၁)ဦးနှင့် ကချင်ပြည်နယ်မှ(၁)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)