ပိုင်ကျုံ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင် ဌာနဆိုင်ရာများနှင့် မြို့သူ၊သားများအနေဖြင့် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ ၂၃ ရက် တန်ဆောင်မုန်းလဆန်း ၁၁ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲကို ဌာနဆိုင်ရာများ၊ မြို့သူ/သားများနှင့် စေတနာရှင် အလှူရှင်တို့မှ စုပေါင်း၍ ကထိန်သင်္ကန်းများနှင့် ပဒေသာပင်များကို မြို့တွင်းသို့ လှည့်လည်ပူဇော်ခဲ့ပြီး ပိုင်ကျုံမြို့မ သာသနာပြုကျောင်းတိုက်တွင် ကထိန်သင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထိုဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ မြို့မိ/ဖများနှင့် စေတနာရှင်အလှူ ဒါယကာ/ဒါယိ ကာမများတို့မှ မြို့မကျောင်း ဆရာတော် ဦးဓမ္မသီရိမှ အနုမောဓနာ တရားဟောကြားတော်မူပြီး ဖိတ်ကြားထားသည့် ဆရာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှဝေခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)