လောင်းလုံးမြို့မစျေး၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လောင်းလုံး၊  အောက်တိုဘာ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီစျေးတွင် ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သော စျေးများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)နှင့် Face Shield တပ်ဆင်ပြီးမှသာ စျေးရောင်း/စျေးဝယ်ကြစေရန်၊ စျေးရောင်း/စျေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင် ရောင်းချ ဝယ်ယူကြရန်နှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ လောင်းလုံးမြို့နယ်၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်း၍ စျေးရောင်း/စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက် မှုမရှိပါက အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(ပြန်/ဆက်)