ဘားအံ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုတိုးတက်လာသည့်နှင့်အညီ ဒေသတွင်း ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝကိုအခြေခံသည့်ခရီး သွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အများအကျိုး ဆောင်ရွက်လိုသည့်ပုဂ္ဂိုလ်များ၊ စိတ်ပါဝင်စားသူများဖြင့် စနစ်တကျ ဖွဲ့စည်းတာဝန်ပေးပြီး စိစစ်ကြပ်မတ်ဆောင်ရွက်ဖို့လိုကြောင်း၊ ခရီးစဉ်ဒေသများဆွဲဆောင်မှုရှိစေရန် နှင့်အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန်၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ချောမွေ့လွယ်ကူစွာသွားလာလည်ပတ်နိုင်ရန် စီမံဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ယခုအပတ်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို Powerpoint အသုံးပြုရှင်းလင်းတင်ပြပြီး အစည်း အဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေချာသော ပြည်တွင်းကုန်ကြမ်းများကို အသုံးပြု၍ စားသောက်ကုန်၊ လူသုံးကုန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုး မွေးမြူရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပြီး အရည်အသွေးအဆင့်မီသော ထုတ်ကုန်များထုတ်လုပ်နိုင်ရန် တီထွင်ကြံဆလုပ်ဆောင်သွားကြစေလိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍများအလိုက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးကြီးပြီး လိုအပ်သည့် အရင်းအနှီးများကို ထုတ်ချေးပေးလျက်ရှိကာ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က MSME လုပ်ငန်းများ လျှင်မြန်စွာ အောင်မြင်နိုင်ရန် ဆောင်ရွက်နေသောကဏ္ဍ(၆)ခု၊ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိရန် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး အေဂျင်စီအတွင်းရေးမှူးက ပြည်နယ်အတွင်း SME Member Card ထုတ်ပေးထားသည့် ထုတ်လုပ်မှု ကဏ္ဍမှ လုပ်ငန်းအမျိုးအစားများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းသစ်များ ဖော်ထုတ်ပေးနိုင် မှုအခြေအနေ၊ သွင်းကုန်အစားထိုးဆောင်ရွက်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပံ့ပိုးမှုအခြေအနေ၊ MSME များနည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများထောက်ပံ့ပေး ထားမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်အဆင့်အေဂျင်စီများနှင့် ခရိုင်အဆင့် MSME ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)