မကွေး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် (၁၉-၁၂-၂၀၂၂) ရက်နေ့မှ စတင်ဖွင့်လှစ်သည့် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက် စနစ် ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် သိပ္ပံသုတေသနဆောင်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မကွေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများ အနေဖြင့် သဘာဝအရင်းအမြစ်များအပေါ် အခြေခံသော စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ မြစ်ချောင်းများ၏ လုပ်ဆောင်ချက်များ၊ ရေဝေရေလဲဒေသများကို ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော သဘာဝနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို လျှော့ချသက်သာစေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်အောင် ကြံဆဆောင်ရွက်ကြရာမှာ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက် စနစ်ကို နားလည်တတ်ကျွမ်းမှသာ စနစ်တကျဆောင်ရွက်ပေးနိုင်မည်ဟု သိရှိသဘောပေါက်ပြီးဖြစ်ကြောင်းနှင့် ယနေ့စာတမ်းဖတ်ပွဲသည် ၁၉-၁၂-၂၀၂၂ ရက်နေ့မှ စတင်သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများကို အခြေခံပြီး လက်တွေ့နယ်ပယ်မှာ ကဏ္ဍအလိုက် ကြုံတွေ့နေရတဲ့ပြဿနာများကို ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ်နည်းပညာကို အသုံးချပြီးတင်ပြ၊ ဆွေးနွေး၊ အကြံပြု၊ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒီစာတမ်းများဟာ နိုင်ငံတော်အစိုးရမှ အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ချမှတ်ထားတဲ့ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်၏ လုပ်ငန်းစဉ်များနဲ့လည်း ကိုက်ညီနေတာကိုတွေ့ရှိရမှာ ဖြစ်ကြောင်း၊ သင်တန်းသားများအနေနဲ့လည်း မိမိတတ်ကျွမ်း ထားတဲ့ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ် နည်းပညာများကို အသုံးပြု၍ မိမိဌာန၏ လုပ်ငန်းများကို ယခုထက်ပို၍ ပံ့ပိုးကူညီ ဖြေရှင်းပေးနိုင်မည်သာမက ခေတ်မီနိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါကြောင်း၊ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေတဲ့ ခေတ်မီနည်းပညာများကို တတ်ကျွမ်းလာစေရန်နှင့် အသုံးချနိုင်စေရန် အဖြေရှာနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးသော မကွေးတက္ကသိုလ်ကြီးတွင် မြန်မာစာ ဘာသာရပ်နှင့် ဘူမိဗေဒဘာသာရပ်တို့အတွက် ပါရဂူဘွဲ့သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးမှ အားကိုးရသော အသိပညာရှင်/ အတတ်ပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ပရိုဂျက်စာတမ်း ဖတ်ကြားခြင်းနှင့် သက်ဆိုင်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား/ သင်တန်းသူများက သင်တန်းဆင်းစာတမ်းများအဖြစ် မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ ပတ်ဝန်းကျင် မြေယာ အသုံးပြုမှုနှင့် မြေမျိုးပြောင်းလဲခြင်းစာတမ်း၊ မကွေးမြို့ရှိ ဧရာဝတီမြစ်၏ မြစ်ရေအရည်အသွေးအား ဆန်းစစ်လေ့လာခြင်းစာတမ်း၊ ဧရာဝတီမြစ်အတွင်းရှိ သဲသောင်ခုံဧရိယာများ ရွေ့လျားပြောင်းလဲမှုကို လေ့လာခြင်းစာတမ်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ရှိ ဝမ်းဗိုက်ဒီရေတော သစ်တောကြိုးဝိုင်း၏ ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်ကာလအတွင်း မြေယာအသုံးပြုမှု ပြောင်းလဲခြင်းအား ဆန်းစစ်ခြင်းစာတမ်း၊ ရေနံချောင်းမြို့၏ မြို့ပြဧရိယာအတွင်း ရုတ်တရက်ရေကြီးရေလျှံမှုကို လျှော့ချ နိုင်မည့်နည်းလမ်းအား ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ်ကို အသုံးပြု၍ ရှာဖွေခြင်း စာတမ်း၊ မကွေးမြို့ပြ မြေအသုံးပြုမှု ပြောင်းလဲခြင်းကြောင့် မြေမျက်နှာပြင် အပူချိန်အပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်းစာတမ်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ပူပြင်းခြောက်သွေ့မှုကို အဝေးမှ စူးစမ်းလေ့လာခြင်းနည်းပညာနှင့် ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်နည်းပညာများကို အသုံးပြု၍ ဆန်းစစ်လေ့လာခြင်းစသည့် စာတမ်းခေါင်းစဉ်များဖြင့် အကြောင်းအရာများကို ဖတ်ကြားတင်ပြ၊ ဆွေးနွေး ဖြေရှင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်ညီညာ