ပြည်ရွှေဆံတော်ဘုရားပွဲ‌တော်၌ ဖျော်ဖြေရေးအစီအစဥ်များ ပွဲတော်လာပြည်သူများဖြင့် အထူးစည်ကား

ပြည် နိုဝင်ဘာ ၂၃

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် (တတိယ‌မြောက်နေ့) ယမန်နေ့ညတွင် ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

စေတီတော်မြောက်စောင်းတန်း‌ဘက် နာရီစင်အနီး ဆုပေးမဏ္ဍပ်ရှေ့၌ မြို့တွင်းလှည်ဖျော်ဖြေရေး ယိမ်းအဖွဲ့များဖြစ်သည့် လှေလှော်ယိမ်းအပါအဝင် ရွာဘဲရပ်ကွက်ယိမ်း၊ ဂင်္ဂါလှိုင်းအိန္ဒယအမျိုးသားယိမ်းနှင့် ဆင်စုရပ်ကွက်ရိုးရာဆင်အကယိမ်းအဖွဲ့တို့၏ တေးဂီတသီဆို ကပြဖျော်ဖြေမှုများနှင့် အနောက်မြောက်‌စောင်းတန်းဘက် ဓာတ်လှေကားရှေ့ ဖျော်ဖြေရေးစင်၌ နိုင်ငံကျော်လူရွှင်တော် မိုးတိမ်၊ ဒဲ့ဒိုးအငြိမ့်အဖွဲ့၏ ဖျော်ဖြေမှုတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ မြို့ပေါ်ရပ်ကွက်ကြီး (၁၀)ခုမှ ယိမ်းအဖွဲ့များကလည်း တေးဂီတနှင့် ကပြဖျော်ဖြေရေးအစီအစဉ်များဖြင့် ညစဉ်မြို့တွင်းလမ်းများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိပြီး ယနေ့ညနေ ၄နာရီခွဲအချိန်တွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကိန်းဝပ်‌တော်မူသော ဗုဒ္ဓမြတ်စွယ်တော် (၁၂၄)ကြိမ်‌မြောက် ဖွင့်လှစ်အပူဇော်ခံပွဲကျင်းပမည်ဖြစ်၍ ဗုဒ္ဓမြတ်စွယ်တော်အား အနီးကပ်ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်။ အဆိုပါဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာ၂၅ရက်နေ့ နံနက် ၆ နာရီတွင် အဆိုပါမင်္ဂလာကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ ယိမ်းအဖွဲ့ဖျော်ဖြေရေးယာဉ်တန်းများဖြင့် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ဘုရားပွဲတော်လာ‌ပြည်သူများအား စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကုသိုလ်ယူ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်‌‌ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဖက်ပရဟိတလူမှုအဖွဲ့အစည်းများက ကဏ္ဍအလိုက်ကူညီစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)