ကြာအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ တတိယဆုလုပွဲစဉ်၊ ဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ  နိုဝင်ဘာ ၂၃

ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၌ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူနှင့်ဇနီး ဒေါ်နန်းခင်လှသူ မိသားစုမှ မတည်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ တတိယဆုလုပွဲစဉ်၊ ဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲများကို ယမန်နေ့က ကြာအင်းကျေးရွာဘော လုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တတိယဆုလုပွဲစဉ်တွင် ဖာပွန်ကျေးရွာဘောလုံးအသင်းနှင့် တခွက်ဖိုးကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖာပွန်ကျေးရွာ ဘောလုံးအသင်းမှ တခွက်ဖိုးကျေးရွာ ဘောလုံးအသင်းအား တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆုအားဆွတ်ခူးသွားခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ကမော့လဲကျေး ရွာဘောလုံးအသင်းနှင့် ဂျို့ချောင်းကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် မိနစ်(၉၀) အထိ တစ်ဖက်(၂)ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုမိနစ်(၃၀)ဆက်လက်ယှဉ်ပြိုင်ကြရာ ကမော့လဲကျေးရွာဘောလုံးအသင်းမှ ဂျို့ချောင်းကျေးရွာဘောလုံးအသင်းအား (၅)ဂိုး၊ (၂)ဂိုးဖြင့် ကမော့လဲ ကျေးရွာဘောလုံးအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူမှ “ယခုလို မိမိတို့ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အားကစားသမားလူငယ်များအနေဖြင့် အားကစားသမား စိတ်ဓာတ်ပြည့်ဝစွာ ပြိုင်ပွဲတိုင်းတွင် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့သောကြောင့် ဝမ်းသာပီတိဖြစ်မိ ပါကြောင်း၊ အနာဂတ်တွင် ပြည်နယ်လက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင် ကစားသမားကောင်းများဖြစ်လာစေရန် အကောင်းဆုံးကြိုးစားကြရန် လိုအပ်ကြောင်းနှင့် လာမည့်ကရင်အမျိုးသားနစ်သစ်ကူးနေ့တွင်လည်း ယခုလိုဘောလုံးပြိုင်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့ပြီ ပထမဆုရရှိသော ကမော့လဲကျေးရွာဘောလုံးအသင်းအား ဗိုလ်မှူးချုပ် စောချစ်သူမှ ဆုငွေ ကျပ်သိန်း (၁၂၀)နှင့် TOYOTA Hilux REVO ကားတစ်စီး၊ ဒုတိယဆုရရှိသော ဂျို့ချောင်းကျေးရွာ ဘောလုံးအသင်းအား ကြာအင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဉာဏ်ထွန်းဦးမှ ဆုငွေကျပ် သိန်း(၁၁၀)၊ တတိယဆုရရှိသော ဖာပွန်ကျေးရွာဘောလုံးအသင်းအား ဆုငွေကျပ်သိန်း(၈၀)၊ စတုတ္ထ ဆုရရှိသော တခွက်ဖိုးကျေးရွာဘောလုံးအသင်းအား ဆုငွေကျပ်သိန်း(၇၀)၊ ကွာတားဖိုင်နယ်အဆင့်တွင် ထွက်ခဲ့ရသော ဘောလုံးအသင်းများအား ဆုငွေကျပ်သိန်း(၅၀)နှင့် အုပ်စုအဆင့်ထွက်ခဲ့ရသော ဘောလုံးအသင်းများအား ဆုငွေကျပ်(၁၀)သိန်း အသီးသီးချီးမြှင့်သွားခဲ့ကြောင်း သိရသည်။

စောဖိုးခွား (ပြန်/ဆက်)