မြိတ် နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက မြိတ်မြို့ အ.ထ.က (၆) အုန်းတောကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ ဟောပြောခဲ့ကြသည်။
ဟောပြောပွဲကို ကလေးသူငယ်များဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်၊ ကလေးသူငယ်တိုင်းအပေါ် ကျရောက်လာမည့် အန္တရာယ်များကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ သက်ဆိုင်ရာ ဌာနများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ကို သိရှိစေရန်နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကြောင်း ကျောင်းသား/ကျောင်းသူများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
အသိပညာပေး ဟောပြောရာတွင် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီအေးနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်တို့က ကလေးများ၏ အခွင့်အရေးများ၊ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးရမည့် အခြေအနေများ၊ ကလေးသူငယ်ကိစ္စရပ်များကို လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်(မြိတ်)မှ ဒုရဲမှူး ဝေလွင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဆိုင်ရာများ အကြောင်းကို ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ အောင်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာ တိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားစေသော အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)