ဘားအံ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁:၃၀) အချိန်ခန့်က ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘားအံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဘားအံခရိုင်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှုများကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီးပွားဘဝ ဆုံးရှုံးမှုများ၊ ထိခိုက်မှုများ၊ ယာဉ်ကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် ခရိုင်အတွင်း လုပ်ငန်းလိုအပ်ချက်အရ အဖွဲ့ဝင်(၁၆)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားမှု၊ သေဆုံးမှုများမှ လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရန် ခရိုင်အဆင့် ဆပ်ကော်မတီ (၄) ခု ဖွဲ့စည်းထားပါ ကြောင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆ ထိခိုက်မှုများ လျော့နည်းစေရေးအတွက် ခရိုင်အဆင့် ကော်မတီဝင်များမှ ပူးပေါင်းပါဝင်ပေးရန်နှင့် လိုအပ်ချက်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ အဖွဲ့ဝင်များမှ ကဏ္ဍ အလိုက် ဆောင်ရွက်ကြမည့် အခြေအနေများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဘားအံ ခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ခရိုင်အဆင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့ဝင်များဖြစ်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)