လိပ်သို နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်သောကြောင့် ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအသက်မွေးဝမ်းကြောင်း လုပ်ကိုင်လျက်ရှိကြရာ ဒေသအတွင်းရှိ ကျေးရွာအုပ်စုများတွင် တောများအား ခုတ်ထွင်ရှင်းလင်းကာ တောင်ယာခင်းများအဖြစ် ဖန်တီးပြီး စားဖိုဆောင်သီးနှံမျိုးစုံကို တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေ ရရှိသည့်လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏ နေအိမ်ခြံဝန်းထဲတွင် စိုက်သလို၊ တစ်ချို့ဒေသနေပြည်သူများက တောင်ယာမြေများတွင် သဘာ၀မြေဩဇာဖြင့်သာ စိုက်ပျိုးထားကြောင်း၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ သခွား၊ ငရုတ်၊ ပိန်းဥ၊ မုန်ညှင်း၊ တောင်ယာပဲသီး အမျိုးမျိုးအပြင် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းကြောင်း၊ အရင်းအနှီးနည်းသည့်အပြင် ရာသီမရွေးစိုက်ပျိုးနိုင်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီး ဟင်းရွက်များဖြစ်သဖြင့် ဒေသခံတောင်သူများက မိမိတို့စားသုံးရန်အပြင် ပိုလျှံသီးနှံများကို လိပ်သိုမြို့ပေါ်သို့ ရောင်းချလျက်ရှိ ကြသည်။
လိပ်သိုမြို့ရှိ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်သည့် မြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရေးအတွက် Home Garden စနစ်ဖြင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)