ဘားအံခရိုင်ရုံး Community Centre ခန်းမတွင် အခမ်းအနားမှူး (Master of Ceremony) (၁/၂၀၂၃) သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဘားအံ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အခမ်းအနားမှူးကောင်း တစ်ယောက်အဖြစ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း (Master of Ceremony) (၁/၂၀၂၃) ကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ စတင်သင်ကြားပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူ (၈၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အခမ်းအနားမှူးသင်တန်းတွင် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက MC တစ်ယောက်တွင် ရှိရမည့် အဓိက အရည်အချင်းများ၊ MC ၏ ရုပ်ပိုင်းဆိုင်ရာများ၊ မျက်နှာ၊ ဆံပင်၊ ဝတ်စားဆင်ယင်ခြယ်သမှု၊ ကိုယ်ဟန်အမူအရာစသည့် အကြောင်းအရာများကိုလည်းကောင်း၊ ဘားအံမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဒေါ်ပြုံးပြုံးခိုင်က MC ၏ အသံပိုင်းဆိုင်ရာများ၊ စကားပြောစတိုင်၊ လေယူလေသိမ်း၊ အဖြတ်အတောက်၊ အသံထွက်ပုံ၊ အသံမပီ၊ အသံယိုင်ခြင်း၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲပြောကြားခြင်း စသည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက MC နှင့် ကျန်းမာရေး၊ MC ၏ စိတ်ပိုင်းဆိုင်ရာများ၊ MC ၏ စိတ်ဓာတ်နှင့် အခမ်းအနားတစ်ခု အောင်မြင်စွာ ကျင်းပခြင်း စသည့် အကြောင်းအရာများကိုလည်းကောင်း၊ Saw Saw EC (Profession Freelance MC/Presenter) က MC တစ်ယောက်၏ အတွေ့အကြုံများကို လည်းကောင်း၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဦးသန်းအောင် (မောင်လူဝိုင်း)က အခမ်းအနားမှူးကောင်းတစ်ယောက်၏ အင်္ဂါရပ်များ စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူး သင်တန်းသို့ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ (၈၂) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနောက်ဆုံးရက်တွင် အခမ်းအနား အစီအစဉ်များအား လက်တွေ့ဆောင်ရွက်စေ၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)