ဝေါ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၌ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ် ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန် များကို ဝေါမြို့ Together Waw ပရဟိတအဖွဲ့မှ မြို့ပေါ် (၆)ရပ်ကွက်ရှိ အခြေခံမိသားစုအိမ်ထောင်စု (၁၅၀၀)စုအတွက် လိုက်လံထောက်ပံ့လှူဒါန်းရန် ဆောင်ရွက်ထားသော်လည်း အခြေခံအိမ်ထောင်စုများ၏ အခက်အခဲများ ကူညီရန်အတွက် အိမ်ထောင်စု(၂၅၀)စုအား အဖွဲ့မှ ထပ်တိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဝေါမြို့ Together Waw ပရဟိတအဖွဲ့ လူငယ်များမှ ပရဟိတအဖွဲ့သို့ အလှူရှင်အသီးသီးမှ လှူဒါန်းသော အလှူငွေဖြင့် အစားအစာများအား အိမ်တိုင်ရာရောက် သွားရောက် ကူညီလှူဒါန်းရာတွင် မြို့ပေါ်ရှိ စားသောက်ရေးအခက်အခဲရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၁၇၅၀)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၂) ပြည်၊ ဆီ (၄၀)ကျပ်သား၊ ဆားတစ်ထုပ်၊ အလူး(၅၀)ကျပ်သား၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်(၃)ထုတ်စီအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)