မြောင်းမြ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်က အသက် (၆၀) နှင့် အထက် သက်ကြီးရွယ်အိုများ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးကို အောက်တိုဘာလ(၂၉)ရက်မှ နိုဝင်ဘာလ (၅)ရက်နေ့ထိအပြီး ဆောက်ရွက်ရန်နှင့် ကျန်းမာရေးမကောင်းသူများ ကြိုတင်မဲပေးနိုင်ရေး၊ မဲရုံများအတွက် လိုအပ်သည့် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ အချိန်မီ ဖြန့်ဝေနိုင်ရေး၊ မဲရုံသုံး ပစ္စည်းများ လုံခြုံစွာ ပို့ဆောင်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကျင်းပနိုင်ရေး၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေး ဝန်ထမ်းများကို မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ပို့ချနိုင်ရေး စသည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြောင်းမြမြို့နယ် အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)