ညောင်တုန်းမြို့နယ်တွင် (၅၀)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ညောင်တုန်း နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၅၀)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက (၅၀)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားဆွေးနွေးပြီး တာဝန်ပေးအပ်ထားသော ကော်မတီအသီးသီးမှ မိမိတာဝန်ကျရာ အခန်းကဏ္ဍအလိုက် ပူးပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး (၅၀)ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို နိုဝင်ဘာလ ၂၇ရက်‌နေ့မှ ၂၈ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)