မြောင်းမြ နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကမြို့သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စည်ပင်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်တင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဦးက အမှိုက်အကြောင်း သိကောင်းစရာများအားဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်စိုးစိုးနှင်းက အမှိုက်သိမ်းဆည်းမှု၊ စွန့်ပစ်မှုအခြေအနေများအားဆွေးနွေးပြီး၊ လက်ထောက်အင်ဂျင်နီယာ ဦးအေပရယ်မင်းစိုးက မိလ္လာသိမ်းဆည်းမှု၊ စွန့်ပစ်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြောင်းမြမြို့နယ် သူနာပြုသင်တန်းကျောင်းမှ သင်တန်းနည်းပြအရာရှိ ဒေါ်အေးမြတ်ကလျာနှင့်သင်တန်းနည်းပြ ဆရာမ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၅၆ ဦး ခန့်တက်ရောက်ကြပြီး၊ တက်ရောက်လာသော သင်တန်းသား/သူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ထို့အတူ မြောင်းမြမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာလ ၂၁ရက်နေ့က အ-မ-က(အောင်ဆန်း) ကျောင်းနှင့် အ-မ-က(ရိုးကူး)ကျောင်း တို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး ဟောပြောပြီး၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ မြောင်းမြမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လိုက်လံနှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)