ငွေဆောင် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၄၇)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မူလွန်(ရွှေဖား)ကျောင်း၏ ကျောင်းကထိန်ပွဲအား ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဇင်ကျေးရွာအုပ်စု၊ ကျောက်မိုင်းကျေးရွာ၊ မူလွန်(ရွှေဖား)ကျောင်းမှ အမြောက်တပ်ကျေးရွာ၊ ပုညာဝိသုဒ္ဓိကျောင်းတိုက်သို့ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ပဒေသာပင် လှည့်လည်ခဲ့ကြသည်။ ကျောင်းတိုက်တော်သို့ အရောက်တွင် ရွာခံများမှ အချိုရည်ဖြင့် ဧည့်ခံခဲ့ပြီး မူလွန်(ရွှေဖား) ကျောင်းသား/သူလေးများမှ အကပဒေသာများဖြင့်ကပြဖျော် ဖြေခဲ့ကြသည်။
ထို့နောက် ကထိန်ပဒေသာပင်နှင့် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အစီအစဥ် စတင်ခဲ့ပြီး ပုညာဝိသုဒ္ဓိ ကျောင်းတိုက်အပါအဝင် ပင့်ဖိတ်ထားသော ဆရာတော်များထံမှ တရားတော်နာယူခဲ့ ကြသည်။ ဆရာတော်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ တရားဒေသနာတော်စတင် ဖွင့်လှစ်ခဲ့ပြီး မေတ္တသုတ်တရားတော်နှင့် ကထိန်သင်္ကန်းလှူဒါန်းရခြင်း အကျိုးတရားတော်များ ဟောကြားခဲ့သည်။ တရားနာအပြီးတွင် မူလွန်(ရွှေဖား) ကျောင်းအုပ်ဆရာကြီး ဒေါ်ငြိမ်းငြိမ်းအိနှင့် အလှူရှင်များမှ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အလှူဒါနကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက်ဆရာမကြီးနှင့် အလှူရှင်များမှ တရားနာဧည့် ပရိသတ်များအားရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးခဲ့သည်။ ယင်းနောက်သံဃာတော် အရှင်သူမြတ်များအား သိမ်ဆွမ်းလောင်းလှူပူဇော်ခဲ့ပြီး နံနက် ၁၁ နာရီတွင် နေ့ဆွမ်းနှင့် ခဲဖွယ်ချိုချဥ်များ ဆက်ကပ်ခဲ့သည်။
ဆရာတော်ကြီးများဆွမ်းဘုန်းအပြီးတွင် ကထိန်ပွဲလာမြို့ဌာနဆိုင်ရာများနှင့်ဧည့်ပရိသတ်များအား ပညာဝိသုဒ္ဓိ ကျောင်းတိုက်တော်တွင်ပင် ထမင်းကျွေးမွေး ဧည့်ခံခဲ့ပြီး မူလွန်(ရွှေဖား) ကျောင်း၏ ကျောင်းကထိန်ပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)