တောင်ငူ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်က တောင်ငူခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြောကြားသည်။
ဆက်လက်၍ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ (ကိုယ်စား) ဦးစောဒိုနိုးနှင့် အတွင်းရေးမှူး ဦးကိုကိုဦးတို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ချပြရှင်လင်းပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြရာ အသီးသီး ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တောင်ငူခရိုင်အနေဖြင့် ရပ်ကွက် (၈၆) ခု ၊ ကျေးရွာအုပ်စု(၂၄၆) အုပ်စုမှ မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၈၈၁၂၂၅) ဦးရှိပြီး လျာထားမဲရုံပေါင်း (၉၆၉)ရုံရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဇော်ထက် (တောင်ငူ)