မကွေးမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

မကွေး    အောက်တိုဘာ ၂၃

မကွေးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို အောက်တိုဘာလ ၂၃ ရက်ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်စိုးဝင်း က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောလွင်က  သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့် လိုက်နာ ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ သင်တန်းနည်းပြ(၃၀)ဦးတို့က သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ ဝင်များ ခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေး အိတ်များ ထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး လုပ်ငန်း တာဝန်များကို ပြန်လည်ဆွေးနွေးခြင်းများဖြင့် သင်တန်းကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံ(၂၆၃)ရုံမှ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး သင်တန်းသား၊ သင်တန်းသူ (၆၀၂) ဦးတို့ကို အခန်း (၁၅) ခန်းခွဲ၍ အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း (၂)ရက်တာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစော လွင်ထံက သိရသည်။

မကွေးမြို့နယ် အထွေထွေရွေးကောက်ပွဲ ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆)အုပ်စုမှ မဲဆန္ဒရှင် ပြည်သူများက မဲရုံပေါင်း(၂၆၃)ရုံတွင် ဆန္ဒမဲပေးကြမည်ဖြစ်ပြီး အဆိုပါမဲရုံများတွင် တာဝန်ထမ်း ဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း သိရသည်။                                    

သန်းနိုင်ဦး(ငဖဲ)