ဟားခါး နိုဝင်ဘာ ၂၂
ချင်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီတွင်ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန်းခွဲရေးကိစ္စရပ်များသည် ခက်ခဲရှုပ်ထွေးပြီး သိမ်မွေ့နက်နဲသည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များရှိထားပြီးသားဖြစ်သည့်အတွက် အဆိုပါ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များနှင့်အညီ ကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါက အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဆွေးနွေးဆုံးဖြတ်ရ မည့်အချက်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး (ကိုယ်စား) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ဆွေးနွေးဆုံးဖြတ်ရမည့် အမှုတွဲ ( ၃ ) ခုဖြစ်သော ဟားခါးမြို့မြေတိုးချဲ့ရန် ပြင်ဆင် လျှောက်ထားသည့် မြေလွတ်၊ မြေရိုင်းကိစ္စ၊ ဟားခါးမြို့နယ်အတွင်းရှိ ရုန်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်နိုင်ရေးကိစ္စနှင့် တီးတိန်မြို့နယ်၊ ငင်းနှုန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနအတွက် မြေလွတ်၊ မြေရိုင်းလုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုနှင့် ဆွေးနွေးဆုံးဖြတ်ရမည့်အချက်များကို အမှုတွဲတစ်ခုချင်းအလိုက် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း