ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှု ရာခိုင်နှုန်းပြည့်မီကျော်လွန်စေရေး ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုး

ဘားအံ နိုဝင်ဘာ ၂၂

ဆီဖူလုံရေးအတွက် ယခုနှစ်ဆောင်းရာသီတွင် ကရင်ပြည်နယ်အတွင်း ဆီထွက်သီးနှံဆောင်းမြေပဲ ၃၁၃၉၂ ဧက၊ ဆောင်းနှမ်း ၄၁၁၄၄ ဧကနှင့် ဆောင်းနေကြာ ၃၈၇၉ ဧကတို့ကို စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၂၀၇(က)၊ ထန်းတပင်ကွင်းရှိ တောင်သူဒေါ်ထူးရီ၏ ဆောင်းမြေပဲစိုက်ခင်း၌ ကျင်းပသည့် ဆောင်းဆီထွက်သီးနှံမြေပဲ အစေ့ချကိရိယာဖြင့်စိုက်ပျိုးကွင်း သရုပ်ပြပွဲနှင့် ဂျစ်(ပ်)ဆမ်မြေဩဇာပေးအပ်ပွဲမှ သိရသည်။

ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများကို စိုက်ပျိုး ဖြစ်ထွန်းသော်လည်း စားသုံးဆီဖူလုံရေးအတွက် လိုအပ်လျက်ရှိသောပြည်နယ်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ဆီထွက်သီးနှံများကို မြေလွတ်၊ မြေလပ်မကျန် တိုးချဲ့စိုက်ပျိုးရန် လိုအပ် သကဲ့သို့ အထွက်နှုန်းကောင်းပြီး ဆီထွက်ရာခိုင်နှုန်းများသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်မှသာ စားသုံးဆီဖူလုံမှုရာခိုင်နှုန်း ပြည့်မီကျော်လွန်လာမည်ဖြစ်ကြောင်း၊ မြေပဲသီးနှံသည် ဈေးကွက်ဝင် သီးနှံဖြစ်သည့်အပြင် နှစ်စဉ်ပန်းတိုင်အထွက်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်သည့် သီးနှံဖြစ်သည့်အတွက် အလားအလာကောင်းသည့်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးကြရန်နှင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် တိုက်တွန်းလိုကြောင်း၊ ဂျစ်(ပ်)ဆမ်မြေဩဇာတွင် ကယ်လ်စီယံနှင့် ဆာလဖာ ဓာတ်များပါဝင်သည့်အတွက် မြေပဲတောင့် ကြီးထွားပြီးအစေ့အဆံပိုမိုအောင်မြင်လာမည်ဖြစ်သည့်အတွက် အထွက်နှုန်းကောင်းပြီးအရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်မည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စားရေရိက္ခာဖူလုံရေးအတွက် အဖက်ဖက်မှ အားပေး ကူညီမှုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တောင်သူများအနေဖြင့်လည်း အလားအလာကောင်းသည့် သီးနှံများ၊ မြေပဲအပါအဝင်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကော့လှိုက်၊ ကော့ကျိုက်၊ တော်ပုံ၊ ကော့တရုတ်ရ၊ ဝင်းကျန်၊ နောင်ထလုံးကျေးရွာအုပ်စုများမှ မြေပဲစိုက်တောင်သူများအား ဂျစ်(ပ်)ဆမ်မြေဩဇာအိတ် (၁၀၀)ကိုထောက်ပံ့ပေးအပ်ရာ တောင်သူများကလက်ခံရယူပြီး တောင်သူ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ဆောင်းဆီထွက်သီးနှံမြေပဲ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသော မြေပဲစိုက်တောင်သူများက ကွင်းသရုပ်ပြပွဲကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေပဲသီးနှံသည် ကရင်ပြည်နယ်၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ဘားအံမြို့နယ်သည် ပြည်နယ်၏ စုစုပေါင်းမြေပဲစိုက်ပျိုးထုတ်လုပ် မှု၏ ၅၀ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် ဆီဖူလုံရေးအရေးပါသည့်မြို့နယ်အနေဖြင့် လျားထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးသွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားကောင်းလာစေရေးနှင့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက်အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် နံနက် ၉ နာရီခန့်က တရုတ်လှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်၌ မြစ်ရေတင်အကျိုးပြုဧရိယာအတွင်း ရာသီအလိုက်သီးနှံစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက ဒေသခံတောင်သူများ၏ တောင်းဆိုမှုအရ မိုးစပါးအောင်ရေပေးဝေနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေသီးနှံများအတွက် စွမ်းအားပြည့်စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်တံမြောင်းထိပ်ရှိစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ရေပေးဝေရေး မြောင်းများ အုတ်စီရန်ကျန်သည့်အပိုင်းများအား ဆက်လက်ပြုလုပ်ပေးနိုင်ရေး မှာကြားကာ တရုတ် လှ၊ ထောင်ဝိ၊ ရဲသာ (ကမော့ကစင်)၊ နောင်ခလိုင်၊ ကော့ခမိတ် ကျေးရွာများမှ တောင်သူများနှင့် တွေ့ဆုံ၍ သီးထပ်၊သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စည်းရုံး မှာကြား၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်၌ 37 KW Motor (၄)စုံဖြင့် သံလွင်မြစ်မှရေကို လျှပ်စစ်ဖြင့်စုပ်တင်၍ စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် ဆင်ဖြူတော်လေးစီးပါဖားစည် အဝိုင်းအနီး  အကျဉ်းဦးစီးဌာန(ဘားအံ)၏ လယ်စိုက်ကွင်းများ၌ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးရာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးချစ်လွင်က နွေစပါးစိုက်ပျိုးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျစိုက်ပျိုးဆောင်ရွက်သွားရန်နှင့် မြေဩများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ စုပေါင်းရုံးရှိ ပြည်သူ့ဝန်ဆောင်မှု (One Stop Shop)ရုံး၌ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်သူတို့၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရနှင့်ဌာနဆိုင်ရာများအပေါ် ပြည်သူများ၏အားကိုး ယုံကြည်မှုတိုးပွားလာစေရေးအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သွားရောက် ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)ရုံးတွင် ဌာနဆိုင်ရာ(၁၁)ဌာနမှ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများအားအလှည့်ကျ တာဝန်ချထားပေးမှုအခြေအနေ၊ ဒေသခံပြည်သူများမှ ဝန်ဆောင်မှုလုပ်ငန်းများကို အားကိုးယုံကြည်စွာဖြင့် လာရောက်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေ အနေများကိုကြည့်ရှုစစ်ဆေးကာ ကောင်းမွန်သောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအရှိန်အဟုန်ဖြင့် အစဉ်လည်ပတ်ချောမွေ့နေစေရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်စုပေါင်းရုံးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဝန်ထမ်းများသက်သာ ချောင်ချိရေး၊ ပါတီစုံဒီမို ကရေအထွေထွေရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေး၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များအား ဆွေးနွေးတင်ပြကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များမှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းနှင့် ဘားအံမြို့နယ်စုပေါင်းရုံးရှိ ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)