နတ်မောက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် (GBV) အသိပညာပေးသင်တန်းကို နိုဝင်ဘာ(၂၀)ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူဒေါ်ခင်ဖြူဝင်းက ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား/မရေးရာ စံနှုန်းများအပေါ် အခြေပြု၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် ထိခိုက် နစ်နာစေမှု သို့မဟုတ် ဝေဒနာခံစားမှုများကို ဖြစ်ပေါ်စေသည့် အပြုအမှုများ၊ ထိုအပြုအမှုများ ပြုလုပ် မည်ဟု ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြားအပြုအမှုများပါဝင်ကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အကြမ်းဖက်ခြင်းနှင့် အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများဖြစ်သော ကျား၊မတန်းတူညီမျှမှုမရှိခြင်း၊ အခွင့်အာဏာမရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများကတော့ ရင်းနှီးကျွမ်းဝင်သော လက်တွဲဖော်မှ အကြမ်းဖက်မှု၊ ကလေးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သူ (၅၀) ဦးတို့အား ဆွေးနွေးခဲ့ရာ သိရှိလိုသည့်အကြောင်းအရာများကို သင်တန်းသား/သူများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြသည်။
လှဝင်း