ကျောက်ဆည် အောက်တိုဘာ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျောက်ဆည် နည်းပညာ တက္ကသိုလ်နှင့် ကျောက်ဆည်တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်ပနိုင်ငံများမှပြန်လည်ဝင်ရောက် လာသူများနှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသူနှင့် ထိတွေ့ခဲ့သူများအား Facility Quarantine အဖြစ်ထားရှိခဲ့ရာ ယနေ့နံနက်(၁၀)နာရီက အဆိုပါ Facility Quarantine ဝင်ရောက်နေသူ (၄၆)ဦးအား ကိုဗစ်(၁၉)ရောဂါ ကူးစက်မှု ရှိ/မရှိ ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရှိရသည်။
ဓာတ်ခွဲနမူနာများရယူရာတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးဌာနမှူး ဒေါက်တာ ယဉ်မင်းမင်းစိန် ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါက်တာအောင်မင်းခန့် (မိခင်နှင့်ကလေး၊ ကျောင်း ကျန်းမာ)၊ဦးစီးအရာရှိများ၊(ကျန်းမာရေးကြီးကြပ်-၂) များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျောက်ဆည်နည်းပညာ တက္ကသိုလ် အနော်ရထာဆောင်မှ Facility Quarantine ဝင်ရောက်နေသူ ရန်ကုန်ပြန်(၉)ဦး၊ မန္တလေးပြန်(၂)ဦး၊ မူဆယ်ပြန်(၁)ဦး၊ ကိုဗစ်-၁၉ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့သူ(၄)ဦးနှင့် ကျောက်ဆည် တက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူ ပြည်ပနိုင်ငံများမှပြန်လာသူ(၃၀)ဦးတို့အား ကိုဗစ်၁၉ရောဂါကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရှိရသည်။
ဓာတ်ခွဲနမူနာများရယူခဲ့သူ(၄၆)ဦးအနက် (၄၄)ဦးသည် ပထမအကြိမ် ဓာတ်ခွဲနမူနာရယူခြင်းဖြစ်ပြီး (၂)ဦးသည် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရကာ ဓာတ်ခွဲအဖြေများသိရှိရပါက အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေး ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)