ကြာအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ဆက်လက်ကျင်းပ

လှိုင်းဘွဲ  နိုဝင်ဘာ  ၂၂

ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၌ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူနှင့်ဇနီး ဒေါ်နန်းခင်လှသူ မိသားစုမှ မတည်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်အားကစားဝါသနာရှင်များ တစ်ဦးနှင့် တစ်ဦး၊ တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာရန်ရည်ရွယ်၍ ကြာအင်းကျေးရွာဘောလုံးကွင်း၌ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆီးမီးဖိုင်နယ်အဆင့်ပွဲစဉ်တွင် ကမော့လဲကျေးရွာ ဘောလုံးအသင်းနှင့် ဖာပွန်ကျေးရွာ ဘောလုံးအသင်း၊ တခွက်ဖိုးကျေးရွာ ဘောလုံးအသင်းနှင့် ဂျို့ချောင်းကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကမော့လဲကျေးရွာ ဘောလုံးအသင်းနှင့် ဖာပွန်ကျေးရွာ ဘောလုံးအသင်း ပွဲစဉ် တွင် မိနစ်(၉၀)အထိ ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးမရှိသရေရလဒ် ထွက်ပေါ်သောကြောင့် အချိန်ပို (၃၀)မိနစ် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကမော့လဲကျေးရွာ ဘောလုံးအသင်းက (၄)ဂိုး  ဖာပွန်ကျေးရွာ ဘောလုံးအသင်း က (၃)ဂိုးဖြင့်လည်းကောင်း တခွက်ဖိုးကျေးရွာ ဘောလုံးအသင်းနှင့် ဂျို့ချောင်းကျေးရွာ ဘောလုံး အသင်းပွဲစဉ်တွင် တခွက်ဖိုးကျေးရွာ ဘောလုံးအသင်းက (၄)ဂိုး  ဂျို့ချောင်းကျေးရွာ ဘောလုံးအသင်း က (၅)ဂိုးဖြင့် ရလဒ်များအသီးသီးထွက်ပေါ်ခဲ့ပြီး တတိယဆုလုပွဲစဉ်အဖြစ် ဖာပွန်ကျေးရွာ ဘောလုံး အသင်းနှင့် တခွက်ဖိုးကျေးရွာ ဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  ဗိုလ်လုပွဲစဉ်အဖြစ် ကမော့လဲကျေးရွာ ဘောလုံးအသင်းနှင့် ဂျို့ချောင်းကျေးရွာ ဘောလုံးအသင်းတို့ ဆက် လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ကြာအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ဘောလုံးအသင်းအား ငွေကျပ်သိန်း(၁၂၀)နှင့် TOYOTA Hilux REVO ကားတစ်စီး၊ ဒုတိယရရှိသော ဘောလုံးအသင်းအား ငွေကျပ်သိန်း(၁၁၀)၊ တတိယရရှိသော ဘောလုံး အသင်းအား ငွေကျပ်သိန်း(၈၀)၊ စတုတ္ထရရှိသော ဘောလုံးအသင်းအား ငွေကျပ်သိန်း(၇၀)၊ ကွာတား ဖိုင်နယ်အဆင့်တွင် ထွက်ခဲ့ရသော ဘောလုံးအသင်းများအား ငွေကျပ်သိန်း(၅၀)နှင့် အုပ်စုအဆင့် ထွက်ခဲ့ရသော ဘောလုံးအသင်းများအား ငွေကျပ်(၁၀)သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သိရသည်။

စောဖိုးခွား(ပြန်/ဆက်)