ရေတာရှည် အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲ လက်မှတ် များအား ရရှိမည့် အရေအတွက်အတိုင်း ပြည့်/မပြည့် စွန်းထင်းစုတ်ပြဲ ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ/မရှိ သတ်မှတ်မဲဆန္ဒမဲ လက်မှတ် ဟုတ်/မဟုတ် ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေ အတွက် မှန်/မမှန် နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုသင်္ကေတ (Logo)များ မှန်ကန်မှု ရှိ/မရှိ တို့အား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် (၃၇၁၉)အုပ် အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်(၃၇၁၇)အုပ်၊ တိုင်းဒေသကြီး(၁) မဲဆန္ဒနယ် လက်မှတ် (၁၈၄၉)အုပ်၊ တိုင်းဒေသကြီး(၂)မဲဆန္ဒနယ် လက်မှတ် (၁၈၃၀)အုပ်၊ ကရင်တိုင်းရင်းသား မဲဆန္ဒနယ် လက်မှတ် (၅၈)အုပ်တို့အား စစ်ဆေးလျက်ရှိပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးမှ သိရသည်။
ဆု (ပြန်/ဆက်)