ဒိုက်ဦးမြို့ မြတ်‌မော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြတ်‌မော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ မြတ်မော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာကြီးဦးသန်း‌အောင်မှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများတိုးပွားလာစေပြီး စဉ်းစားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ရည်မှန်းချက်များမ‌ပျောက်လို‌ကြောင်း ပြောကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဆွေသက်အောင်မှ လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက်  လူငယ်စကားဝိုင်းစတင်ခဲ့ရာ  ခေါင်းဆောင်ဆွေးနွေးသူအဖြစ်  ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ ဒိုက်ဦးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးနေလင်းဦးနှင့် Grade(7)၊ Grade(8)၊ Grade(11)၊တို့မှ ကျောင်းသူ(၅)ဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ရည်မှန်းချက်အစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ယင်းလူငယ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ မြတ်မော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ပြီး‌ ကျောင်းသား/သူများအား Physical Fitness Dance အကများဖြင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)