ထားဝယ် အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် မဲရုံများတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်း(၃၂)မျိုးကို ထားဝယ်မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ ကျေးရွာအုပ်စုများ ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်း မှ စ၍ စတင်ထုတ်ပေးခဲ့သည်။
ထို့သို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်၊ ရွေးကောက်ပွဲနှင့် ပတ်သတ်သော အသိပညာ ပေးလက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့်ဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များထံသို့ထုတ်ပေးခဲ့ပြီးကျန်ရှိသော မဲရုံများအတွက် အောက်တိုဘာ ၂၅ ရက်နေ့အထိ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၄၃) အုပ်စု၊ မဲရုံပေါင်း (၁၀၄)ရုံ၊ ဆိုင်းခွဲ (၈၅)ရုံရှိပြီး တိုင်းရင်းသား မဲဆန္ဒရှင်အပါအဝင် မဲဆန္ဒရှင်ဦးရေ တစ်သိန်းနှစ်သောင်းကိုးထောင်ကျော်ရှိကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)