ရှမ်းရွာသစ်မြို့တွင် ဒေသအခေါ် တောင်ယာပဲသီးများပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူများအဆင်ပြေ

ရှမ်းရွာသစ်  နိုဝင်ဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ  ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာပဲသီးများ ပေါ်ဦးပေါ်ဖျားပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တောင်ယာပဲသီးပင်များကို မိမိတို့၏ အိမ်ခြံမြေများနှင့် တောင်ယာများတွင် မိုးစပါးစိုက်ပျိုးပြီးစီးသည့်အချိန်တွင် စတင်စိုက်ပျိုးကြောင်း၊ နိုဝင်ဘာလတွင် အသီးစတင်ထွက်ရှိကြောင်း၊  မြေအမျိုး အစားမရွေး ဖြစ်ထွန်းပြီးစိုက်ပျိုး၍ရကြောင်း၊  ယခုနှစ်တွင် တောင်ယာပဲသီး တစ်ပိဿာလျှင် ငွေကျပ်(၂၀၀၀)ကျပ်ရရှိပြီး ယခင်နှစ်ထက်ဈေးကောင်းကြောင်း၊ တောင်ယာပဲသီးများပေါ်ချိန်တွင် ဝင်ငွေပုံမှန်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစု သည် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ တောင်ယာငရုပ်၊ တောင်ယာပဲသီး၊ တောင်ယာခရမ်းသီး စိုက်ပျိုးသည့်လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်စိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တစ်နိုင် ဆောင်းမြေပဲသီးနှံနှင့် နှမ်းစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြကြောင်း၊ တောင်ယာပဲသီးသည် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ဒေသနေပြည်သူများ နှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာပဲသီးကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော် လည်းကောင်း၊ အထောင်းပုံစံဖြင့်လည်းကောင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)