ကလေးဝမြို့တွင် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် မီးစက်အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်

ကလေးဝ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် မီးစက်အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကလေးဝမြို့ ချင်းတွင်းမြစ်သာကရုဏာ လူမှုကူညီရေးအသင်း အောက်ဆီဂျင်စက်ရုံမှ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်းရှိ လူနာများအတွက် အောက်ဆီဂျင်အခမဲ့ ဖြန့်ဝေလျက်ရှိရာ အောက်ဆီဂျင် အဆက်မပြတ်ထုတ်လုပ်နိုင်ရန် ဒီဇယ်မီးစက် 125 KVA၊125 HP ဝယ်ယူနိုင်ရေးအတွက် လှူဒါန်းကြသော အလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထိုနောက် ဒီဇယ်မီးစက်ဝယ်ယူရန်အတွက် လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး လှူဒါန်းငွေ စုစုပေါင်းကျပ် ၁၁၅ သိန်းအား စုပေါင်း၍ လှူဒါန်းကြသော အလှူရှင်များအား ချင်းတွင်းမြစ်သာကရုဏာ လူမှုကူညီရေးအသင်း ဘဏ္ဍာရေးမှူး မြန်မာ့ရေနံဌာနခွဲမန်နေဂျာ ဦးဝင်းအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)