တောင်တွင်းကြီး နိုဝင်ဘာ ၂၁
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက UAZL ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်နှင့် UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ ဒေါ်အေးနုတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး UAZL ကိုယ်ပိုင်အထက်တန်းကျောင်း Grade-10 မှ မမိုင်မြတ်နိုးအောင်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်အွန်မင်းဆက်က လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မတည်ကြည်ထူးစံက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 မှ မောင်ချစ်နိုင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ဖြိုးကြယ်စင်သော်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မပြုံးမွန်ကိုက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသားနေ့အကြောင်း သိကောင်းစရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ လက်ရေးမူများ၊ နိုင်ငံရေးလှုပ်ရှုးမှုများ စသည့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ UAZL ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)