မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်(၂)တိုက်အတွက် ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင်ကျွန်း အောက်တိုဘာ၂၃

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ အရှိန်အဟုန်မြှင့် ဖွံဖြိုးတိုးတက်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ်ရှိကျေးရွာ စာကြည့်တိုက်(၂)တိုက်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်း‌ဌေးက အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြပါရန်၊ ကျေးရွာ စာကြည့်တိုက်များအနေနှင့် အကျိုးရှိမည့် လုပ်ငန်းများတွင် စနစ်တကျ အသုံးပြုရန် ပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ပထမဦးစားပေးအဖြစ် ထိယာလိကျေးရွာ ရောင်ခြည်ဦး စာကြည့်တိုက်အတွက် ကျပ်နှစ်သိန်း၊ ဒုတိယဦးစားပေးအဖြစ် မိဿလင်ကုန်းကျေးရွာ ထွန်းတောက်ကြယ် စာကြည့်တိုက်အတွက် ကျပ်တစ်သိန်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီတာအောင်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက် တာဝန်ခံတို့အား ပေးအပ်သည်။

ကျေးရွာစာကြည့်တိုက် တာဝန်ခံများမှ ယခု ထောက်ပံ့ငွေများဖြင့် စာကြည့်တိုက် ပြုပြင်မွမ်းမံမှု လုပ်ငန်းများ၊ သွပ်အမိုးလဲလှယ်ခြင်း၊ တမံတလင်းခင်းခြင်း လုပ်ငန်းများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

သီတာအောင်(ပြန်ဆက်)