ဘားအံ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်သည် တောတောင်သဘာဝရှုခင်းများ၊ Lime Stone Mountain ထုံးကျောက် တောင်တန်းကြီးများ၊ လှိုဏ်ဂူများ၊ ရိုးရာယဉ်ကျေးမှုများနှင့်ပွဲတော်များ၊ ရေတံခွန်များ၊ သဘာဝပတ်ဝန်းကျင်များကြောင့် ခရီးသွားများကြားတွင် ထင်ပေါ်ကျော်ကြားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ၁၀၀ ရာခိုင်နှုန်းကျော် ပြန်လည်တိုးတက်လာကြောင်း ယမန်နေ့နံနက် ၈ နာရီအချိန်က ဘားအံမြို့၊ ဟိုတယ်ကန်သာဦးခန်းမ၌ ကျင်းပသည့်ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၃)မျိုးဆင်းပွဲမှ သိရသည်။
ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်တိုးတက်ဝင်ရောက်လာသည့်အတွက် ခရီးသွားဧည့်သည်များအား အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ကရင်ဇုန်)၏ပံ့ပိုးမှုဖြင့် အဆိုပါသင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့သင်တန်းဆင်းပေးခဲ့သည့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း(၃) မျိုးမှ ရရှိခဲ့သည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို မိမိတို့၏လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချပြီး ပြည်နယ်၏ ဂုဏ်ကိုတိုးတက်စေမည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအရည် အသွေးကောင်းများပေးစွမ်းနိုင်သည့်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အစား အစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် ဧည့်ကြိုသင်တန်းတို့တွင် သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်နှင့်မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့ထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၄၉)လုံး၊ အိပ်ခန်းပေါင်း(၁၆၇၃)ခန်းရှိခဲ့ရာမှ ယခုအခါ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၀)လုံး၊ အိပ်ခန်းပေါင်း (၂၁၅၉)ခန်းထိ ရှိလာသည့်အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု(၂၂ ဒဿမ ၄၅) ရာခိုင်နှုန်း တိုးတက်လာသကဲ့သို့ ကာလတူ ဝင်ငွေရရှိမှု အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကျပ်သိန်း(၆၂၈၃ ဒဿမ ၁၃)သိန်း၊ ၂၀၂၃ ခုနှစ်တွင် ကျပ်သိန်း(၂၅၅၇၇ ဒဿမ ၅၁)သိန်း ရရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်းကျော်၊ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ် ၉ လ တာကာလတွင် ၃၂၂၆၀ ဦးဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ၉ လတာကာလတွင် ၁၃၄၃၅၉ ဦး ဝင်ရောက်လည်ပတ်ခဲ့ သည့် အတွက် ၁၀၀ ရာခိုင်နှုန်းကျော် ပြန်လည်တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။
ဆက်လက်၍ “အခွင့်အရေးအားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး”ဆောင်ပုဒ် ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သော (၃၄)နှစ်မြောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်း အမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် Video Clip ကို ပြသကြည့်ရှုခဲ့ကြကာ ဘားအံ၊ လှိုင်းဘွဲမြို့များမှ အစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှရင်သွေးငယ်များက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ကျောင်းသားမိဘများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ပေးကြသော ရင်သွေးငယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရင်သွေးငယ်များနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေမှ အောက်တိုဘာလကုန်ထိ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ (၂၁၉)ကြိမ်၊ ယာဉ်စည်းကမ်းထိန်းသိမ်း ခြင်း(၁၆၇)ကြိမ်နှင့် ယာဉ်အမျိုးမျိုး ၂၇၁၅ စီးကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိယာဉ်တိုက်မှု ၁၂၂ မှု၊ ဒဏ်ရာရမှု ၁၅၉ မှုနှင့် သေဆုံးမှု ၁၀၁ မှုရှိခဲ့ သော်လည်း ၂၀၂၃ ခုနှစ် ကာလတူတွင် ယာဉ်တိုက်မှု ၈၆ မှု၊ ဒဏ်ရာရမှု ၁၀၉ မှုနှင့် သေဆုံးမှု ၄၉ မှု သို့ လျော့နည်းကျဆင်းခဲ့ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ရေးကောင်စီ(၅/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြကာ ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ပြည်နယ်ဦးစီးမှူးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင် ရာခရိုင်များအလိုက် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တက်ရောက် လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)