တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်

ထားဝယ်    နိုဝင်ဘာ ၂၁

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၁၆ခုနှစ်အထိ(၂၂)ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး၂၀၁၇ ခုနှစ်မှ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့သို့သော အခြေအနေများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဦးတည်ချက်(၄)ရပ်ချမှတ်ပြီး(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သာမက (၂၄)ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နေပြည်တော်တွင်  ခမ်းခမ်းနားနားနှင့်စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မိမိတို့တနင်္သာရီတိုင်းဒေသကြီးက မျိုးဆက်သစ်ရွက်ပုန်းသီးပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အနေဖြင့် အဆိုဘာသာရပ်၊ မဟာဂီတ၊ ကာလပေါ်တေး/ ခေတ်ဟောင်းတေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးသီချင်းများကဏ္ဍတွင် (၂၂) ဦး၊ အကဘာသာရပ်တွင် (၆၄)ဦး၊ အရေးဘာသာရပ်တွင် (၂)ဦး၊ အတီးဘာသာရပ်တွင် (၂၃)ဦး၊ ပြိုင်ပွဲဝင် စုစုပေါင်း (၁၀၇)ဦးဖြင့် ယခင်နှစ်ထက် ပိုမိုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးရွှေတံဆိပ်ဆု (၄)ဆု၊ ငွေတံဆိပ်ဆု (၃)ခု၊ ကြေးတံဆိပ်ဆု (၁၂)ခု၊ ဂုဏ်ပြုဆု (၁)ခု၊ စုစုပေါင်းဆု(၂၀)ခုဖြင့်တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တွင် အဆင့်(၉)ရရှိ၍အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တိုင်းဒေသကြီး ဂုဏ်ဆောင် အောင်မြင်မှုများရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ကြသော အနုပညာရှင် မျိုးဆက်သစ်ဆုရ ပြိုင်ပွဲဝင်များ၊ ဆုမရရှိခဲ့သော်လည်း အတတ်နိုင်ဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၊ ပံ့ပိုးသူများ အစရှိသူတို့ကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုနှစ်တွေ့ကြုံခဲ့ရသော အားနည်းချက်များကို အားသာ ချက်များအဖြစ် ပြောင်းလဲကာလာမည့်နှစ်၌ ကျင်းပမည့် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေးအတွက်ပြိုင်ပွဲဝင် လူငယ်မောင်မယ်များအနေဖြင့် အင်တိုက် အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်အောင်နိုင်ရေးကော်မတီက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီးထားဝယ်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင် ရရှိသောဂုဏ်ပြုဆု ဒိုင်းအားအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသန့်ဇင်က  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ သို့ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြိးအစိုးရအဖွဲ့က (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြု ငွေ( ၂)သိန်းကျပ်၊ ဒုတိယ (၁)သိန်းခွဲ ကျပ်၊ တတိယ(၁)သိန်းကျပ်နှင့် ထားဝယ်တိုင်းရင်းသားရိုးရာအက အဖွဲ့အားထပ်ဆင့် ဂုဏ်ပြုငွေ( ၂)သိန်းကျပ်အားပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်များ ကိုယ်စားဆုရပြိုင်ပွဲဝင် (၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)