ကျွန်းစု နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ပြည်တွင်းမှ အလွယ်တကူဝယ်ယူရရှိနိုင်သည့်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို သွင်းကုန်အစားထိုး ထုတ်ကုန်များအဖြစ် နည်းစနစ်တကျ ထုတ်လုပ်လာနိုင်ကာမိမိတို့၏ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်စေရန်နှင့်လုပ်အကိုင်အခွင့်အလမ်းများပေါ်ထွက်လာစေရန် One Region One Product အဖြစ် ထုတ်ကုန်အသစ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းဌာနမှ သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြား၍ မြိတ်ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက ဌာနလုပ်ငန်းတာဝန်များ၊ သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် သင်တန်းတွင် နည်းပြဆရာမ ခရိုင်ဦးစီးမှူး ဒေါ်သူသူစံနှင့် ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းထွန်းတို့က ရေချိုးဆပ်ပြာ၊ ရေမလိုလက်သန့်ဆေးရည်၊ အဝတ်လျှော်ဆပ်ပြာရည် စသည့်ဘာသာရပ်(၁၂)မျိုးကို စာတွေ့လက်တွေ့များဖြင့် ၂၀.၁၁.၂၀၂၃ရက်နေ့မှ ၂၂.၁၁.၂၀၂၃ ရက်နေ့အထိ(၃)ရက်တာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူ (၁၅) ဦးက စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)